ဓမ္မဗိမာန်သမိုင်း
ဤ၌ ဓမ္မဗိမာန်ဟူသည် အဆောက်အအုံ မဟုတ်ပါ၊ ဓမ္မစာပေ, ဓမ္မစာမူများကို ဆုပေးသော အဖွဲ့သာ ဖြစ်ပါသည်၊ ဓမ္မဗိမာန် စာပေအဖွဲ့ကို ဆရာတော် ဘဒ္ဒန္တ သာသနဝရက ဦးဆောင်၍ ၂၀၀၁ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည်၊ ထောက်ပံ့သူ အလှူရှင်မှာ ရှိုင်းဟုပ် ဒေါက်တာဒေါ်ခင်ခင်ရီ ဖြစ်ပါသည်၊ အလှူရှင် ဒေါက်တာဒေါ်ခင်ခင်ရီက ကျပ်ငွေ သိန်းတစ်ရာ မတည် လှူဒါန်းခဲ့သည်။
ဓမ္မဗိမာန်သည် ဓမ္မစာပေများကို ဆုပေးသော အဖွဲ့သာ ဖြစ်သော်လည်း သာသနာတော်အတွက် အကျိုးများစေရန် (၁) ဆုရစာအုပ်များကို ထုတ်ဝေခြင်း၊ (၂) ဓမ္မဗိမာန်ကျမ်းစာရေးသားပြုစုရေးအဖွဲ့ ဖွဲ့စည်း၍ ထိုအဖွဲ့က ရေးသားပြုစုသော ကျမ်းစာများကို ထုတ်ဝေခြင်း၊ (၃) နိဿယမရှိသေးသော အဋ္ဌကထာ ဋီကာနိဿယများ ရေးသားပြုစုရေးအဖွဲ့ ဖွဲ့စည်း၍ ထိုအဖွဲ့က ရေးသားပြုစုသော အဋ္ဌကထာ, ဋီကာနိဿယများကို ထုတ်ဝေခြင်း၊ (၄) ပညာရှင်ဆရာတော်များသို့ ချဉ်းကပ်၍ ကျမ်းစာများ ပြုစုပေးပါရန် လျှောက်ထားကာ ထိုဆရာတော်များ ရေးသားပြုစုသော ကျမ်းစာများကို ထုတ်ဝေခြင်း၊ (၅) ဆရာတော် ဘဒ္ဒန္တသာသနဝရနှင့် ဆရာတော်ဦးဣန္ဒောဘာသတို့ ဦးစီး၍ ပိဋကဆိုင်ရာ စီဒီ၊ ဒီဗွီဒီ၊ အိုင်ပက်များ စီစဉ်လှူဒါန်းခြင်း စသော ပရိယတ္တိသာသနာရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါသည်။
ဓမ္မဗိမာန်ရုံးခန်းကို အမှတ် (၆၀၆) ဒုတိယထပ်၊ ၅ လမ်းနှင့် ၆ လမ်းကြား၊ ကမ်းနားလမ်း၊ လမ်းမတော်မြို့နယ်၌ စတင်ဖွင့်လှစ်ခဲ့ပါသည်၊ ၂၀၀၆ ခုနှစ်မှ စ၍ စိန်ရတနာ ဓမ္မာစရိယ စာသင်တိုက်သို့ ပြောင်းရွှေ့ဖွင့်လှစ်ခဲ့ပါသည်။